ကမ္ဘာ့နိုင်ငံ အသီးသီးရှိ နည်းပညာ လုပ်ငန်းစုကြီးများက စမတ်ဖုန်း လက်ပတ်နာရီ (Smart Watch)များ တီထွင်ရန် အပြိုင်အဆိုင် ကြိုးပမ်းနေချိန်တွင် အိန္ဒိယမှ ဆယ်ကျော်သက် ကျောင်းသားတစ်ဦး အပါအဝင် လူငယ်တစ်စုက လက်ဦးမှု ရယူသွားပြီ ဖြစ်သည်။ Andriodlyဟု အမည်ပေးထားသည့် စမတ်ဖုန်း လက်ပတ်နာရီကို အိန္ဒိယနိုင်ငံသား လူငယ်တစ်စုက Android OSအသုံးပြုပြီး တီထွင်ခဲ့သည်။ အသက်(၁၇)နှစ်သာ ရှိသေးသည့် ကောလိပ်ကျောင်းသား ဒီဇိုင်နာ လူငယ်တစ်ဦး အပါအဝင် (၄)ဦး စုစည်းထားသည့် အဖွဲ့သည် Android OSစနစ်ကို အပြည့်အဝ ထောက်ပံ့ လည်ပတ်နိုင်သည့် အဆိုပါ နာရီအား ဖန်တီးခဲ့ခြင်း ဖြစ်သည်။

နာရီသည် စမတ်ဖုန်း တစ်ခုအဖြစ် ဆက်သွယ် ပြောဆိုနိုင်သလို ကင်မရာ၊ Bluetooth၊ Wi-Fiချိတ်ဆက်နိုင်စွမ်းနှင့် GPSစနစ်များပါ ပါဝင်နေသည်။ ပေါင်စတာလင် (၁၅၀)မျှ ကျသင့်ဖွယ်ရှိသည့် ကင်မရာကို ဖုန်းအဖြစ်လည်း အသုံးပြုနိုင်ပြီး Text Messageများ ပေးပို့ခြင်းစသည်တို့ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ယင်းအတွက် ဖုန်းSIMကတ် ထည့်သွင်းနိုင်အောင် ဖန်တီးပေးထားသလို သိုလှောင်မှု ပမာဏ 16GBထိ ဝင်ဆံ့ကြောင်းလည်း သိရှိရသည်။ Screen (၂)လက်မ အကျယ်ရှိသော နာရီတွင် 2 Megapixel ကင်မရာ တစ်လုံးကို တပ်ဆင်ထားပြီး Google၏ Andriod OS Version 2.2 Froyoကို အသုံးပြုထားသည်။ နာရီတွင် စပီကာလည်း တပ်ဆင်ထားပြီး မိုက်ကရိုဖုန်း၊ USBကိရိယာများနှင့်လည်း ချိတ်ဆက်နိုင်မည် ဖြစ်သည်။
အဆိုပါ USBချိတ်ဆက်သည့် နေရာသည် ဖုန်းကို အားသွင်းရာတွင်လည်း အသုံးပြုနိုင်မည်ဟု သိရသည်။ Androidlyသည် အိန္ဒိယ လူငယ် (၄)ဦးဖြစ်သည့် Software Developer အန်ကစ်ပရက်ဒ်ဟန်၊ ဆက်သွယ်ရေး နည်းပညာ ပရော်ဖက်ရှင်နယ် ပက်ဗ်နစ်တ်ဆင်းပူရီ၊ ဥပဒေပညာရှင် အပူဗာဆူကန့်၊ ဆယ်ကျော်သက် ဒီဇိုင်းပညာရှင် ဆစ်ဟန့်ဗတ်စ်တို့က ယခုနာရီကို ပုံစံထုတ် ဖန်တီးခဲ့ကြခြင်း ဖြစ်သည်။
ဆူကန့်က "ဈေးကွက်ထဲမှာတော့ ပုံစံတူ ထုတ်ကုန်တွေ ရှိပါမယ်။ ဒါပေမဲ့ အများစုက မိုဘိုင်းလ်ဖုန်းကနေ Syncလုပ်ရတယ်။ နာရီ ကိုယ်တိုင်က ဖုန်းမဟုတ်ဘူး။ ကျွန်တော်တို့က Android OSကို ပိုသေးတဲ့ ဘုတ်မှာ လည်ပတ်မောင်းနှင်နိုင်အောင် ဖန်တီးခဲ့တယ်။ ပြောရရင်တော့ လက်မှာပတ်တဲ့ ဖုန်းတစ်လုံးလို ဖြစ်သွားအောင်ပေါ့"ဟု ရှင်းပြခဲ့သည်။
ပူရီက "ကျွန်တော်တို့က နှစ်တော်တော်ကြာ တွဲခဲ့တဲ့ သူငယ်ချင်းတွေပါ။ ကောလိပ်မှာတုန်းက ကျွန်တော် ပါတီတစ်ခု လုပ်တုန်းက လက်ထဲမှာ ကြက်သားဟင်း ပန်းကန် ကိုင်ထားရင်း ဖုန်းမြည်လာတယ်။ ကျွန်တော် အိတ်ထဲကနေ ဖုန်းကို ထုတ်လို့ မရဘူးလေ။ အဲဒီကတည်းက ကျွန်တော်တို့ချင်း ဆွေးနွေးခဲ့တယ်။ လက်ရှိ ဖုန်းတွေကနေ ကွဲထွက်တဲ့ အခြေအနေ တစ်ခုအတွက်ပေါ့။ နောက်ဆုံးတော့ လက်ပတ်နာရီလို ဖုန်းတစ်လုံးက အကောင်းဆုံး အဖြေဖြစ်မယ်လို့ သဘောတူခဲ့ကြတယ်"ဟု ဆိုသည်။
ဈေးကွက်ထဲတွင် ပေါင်စတာလင် (၉၀)တန် Pebbleသည် ပထမဆုံး စမတ် လက်ပတ်နာရီအဖြစ် လူသိများခဲ့ပြီး Kickstarterကလည်း အောင်မြင်မှု ရရှိခဲ့သည်။ သို့သော်လည်း ယင်းတို့သည် စမတ်ဖုန်းနှင့် ချိတ်ဆက်ကာ Syncပြုလုပ်ပြီးမှ Messageရောက်ရှိခြင်း အစရှိသည်တို့ကို ပြသနိုင်သည်။ လက်ရှိတွင် Appleသည်လည်း ဖုန်းခေါ်ဆိုနိုင်သည့် စမတ်လက်ပတ်နာရီ တစ်မျိုးကို ဖန်တီးနေကြောင်း သတင်းထွက်ပေါ်နေပြီး Googleကလည်း အဆိုပါ နယ်ပယ်ကို စူးစမ်းနေဆဲဟု သိရှိရသည်။
Ref: Planet Myanmar Network
No comments:
Post a Comment